သူသက်ပြင်းကို ရှိုက်ခါ ချမိသည်။ တကယ်တမ်းတော့ သူသည် လစာ တော်သင့်ရုံသာသာ ရသည့် အထက်တန်းပြ
ဆရာသာဖြစ်သည်။ သူ့ သူငယ်ချင်း တက္ကသိုလ်ဆရာများလို ကျူရှင်ဝိုင်းထောင်နိုင်ခြင်းလဲ မရှိပေ။
သူ့ ဘ၀သည် ပြန်လည်ကြည့်လိုက်လျင် ခက်ထန်ကြမ်းတမ်းခဲ့သည်။သို့ သော် သူ့ အဖေ၏ စကားကြောင့် သူလက်မလျော့ခဲ့။
သူငယ်စဉ်က စာမကျက်နိုင်လို့ ကျောင်းပြေးတိုင်း သူ့ အဖေက သူပိုင်သည့်နွားမကြီးကို လက်ညှိုးထိုးကာ `မင်းပညာတတ်ဖြစ်အောင်လုပ်မလား၊ နွားနို့ဘဲညစ်ပြီး ရောင်းမလား´ လို့ အမြဲဆုံးမဖူးသည်။
စိတ်ပျက်အားလျော့တိုင်း သူ့ အဖေ၏ စကားကို ကြားယောင်ကာ ပညာတတ်ဘွဲ့ ရတစ်ယောက် မဖြစ်ဖြစ်အောင် ကြိုးစားခဲ့သည်။ကြိုးစားသည့်အတိုင်းပင် သူပညာတတ်တစ်ယောက်ဖြစ်ခဲ့သည်။ယခုအခါတွင် သူသည်
ဂုဏ်သရေရှိသည့် အထက်တန်းပြဆရာတစ်ဦးဖြစ်နေပြီး ပျဉ်ထောင်အိမ်တစ်လုံးပိုင်ကာ လွန်ခဲ့တဲ့အပတ်က ဗောက်ဝက်ဂွန်ကားဟောင်းလေးတစ်စီး ၀ယ်ထားလိုက်နိုင်သည်။သို့ ပေမဲ့ ကားဝယ်ပြီးမှ အလုပ်တစ်မျိုးတိုးလာသည်။
ထိုအရာကား ဓါတ်ဆီထုတ်ရခြင်းတည်း။သူလည်း ကားဝယ်ပြီးမှ မဟေသီကြီးနှင့် လျှောက်သွားနိုင်လာသည်။
ဘုရားဖူးတွေ ဘာတွေတောင် ထွက်လိုက်သေးသည်။အချိန်ကာလတစ်ခုအကြာ တော်တော်အဆင်ပြေနေခဲ့သည်။
သို့သော် အခုလပိုင်း ကုန်ဈေးနူန်းကား တရိတ်ရိတ် တက်နေသည်။သေချာတွက်ချက်ကြည့်တော့ သူကျောင်းမှ ၀င်ငွေနှင့် အိမ်စရိတ်ထွက်ငွေ လုံးဝ မမျှတော့။မဟေသီကြီးကလည်း အရွက်ကြော်တွေ ကြော်ရလွန်းတော့ မြည်တွန်တောက်တီးနေလေဘီ။
ဒါကြောင့် သူ့ သူငယ်ချင်းကျောင်းဆရာ အကြံပေးချက်အရ ကားမှ ဓါတ်ဆီထုတ်ရောင်းလေသည်။အစပိုင်းတော့ တစ်ဂါလံ နှစ်ဂါလံဘဲရောင်းသည်။ နောက်တော့ ရသမျှဂါလံ ၃၀လုံး ထုတ်ရောင်းလေတော့သည်။သူ၏ကားမှာလည်း ဓါတ်ဆီထုတ်ဖို့ သာ ဖြစ်လာလေသည်။ သို့သော် သူစိတ်မကွက်သည့်အပြင် သူ့ စိတ်ထဲတော်တော်ကိုက်တာဘဲ ဟု တွေးနေသည်။ ဟုတ်သည်။ ထမင်းဝိုင်းလေးတွင် ပျောက်နေခဲ့သော အသားဟင်းများလည်း ပြန်လည်ပေါ်လာခဲ့လေပြီ။မဟေသီလည်း
ပါတိတ်ဝမ်းဆက်နှင့် အရမ်းသွက်ကာ ပြုံးရွှင်နေသည်။
ဒီနေ့ တော့ ကျောင်းမသွားခင် ဓါတ်ဆီထုတ်ဦးမှဆိုပြီး စောစောထွက်လေသည်။ ၁ဂါလံကို ၂၀၀၀ဈေးနှင့်ဆိုတော့ ဒီအပါတ် ၈ဂါလံလုံးရောင်းမည်ဟု တွေးလိုက်သည်။ သူနှင့်အရမ်းရင်းနှီးနေသော ဓါတ်ဆီဝယ်သည့်လူများပင်
သူ့ ကားဖြတ်အသွားမှာ လက်ဝှေ့ လမ်းပြကြသည်။ ရောင်းမှာလားဆိုသည့်သဘော။သူက ပြန်လည်သာ
လက်ဝှေ့ ပြလိုက်ကာ တန်းစီနေသော ကားတန်းသို့ ဝင်ရောက်တန်းစီလိုက်သည်။
ဒီလိုနှင့် ဓါတ်ဆီဆိုင်ထဲ မ၀င်ခင် တစ်ခါမှ မမြင်ဘူးသည့် ဓါတ်ဆီဝယ်သည့်ချာတိတ်က အနီးကပ်လာကာ တိုးတိုးပြောသည်။
`ဆရာကြီး နို့ ညစ်ဦးမလား´တဲ့။
ချာတိတ်လေး၏ `ဓါတ်ဆီထုတ်ရောင်းဦးမလား´ဟု ဆန်းဆန်းပြားပြား အခေါ်အဝေါစကားသည်
သူ့ အားတွေးဝေစေခဲ့သည်။အဲဒီနေ့ က သူဘာမှ မရောင်းဘဲ ပြန်လာခဲ့သည်။ အိမ်အပြန်လမ်းတွင်
ကွယ်လွန်သွားသည့် သူ့ အဖေအား ရည်စူးကာ တိုးတိုးလေးပြောလိုက်သည်။
`အဖေရယ် ပညာတတ်လဲ အခုတော့ နို့ ညစ်နေရတာပါဘဲ´
သူသက်ပြင်းကို ရှိုက်ခါ ချမိပြန်သည်။
PS: အဖေပြောပြဖူးသော အကြောင်းအရာကို ပြန်လည်ရေးသားမိခြင်းဖြစ်သည်။
နို့ ညစ်ခြင်း
Subscribe to:
Post Comments (Atom)
0 ဒီလို အမှတ်တရ ထားခဲ့တယ်:
Post a Comment